ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး

ဟိုပန် ဧပြီ ၂၄

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရုံး ကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသက်(၆၅)နှစ် အထက် ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊  ရပ်ကျေးစာရေးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က  ဆေးလာရောက်ထိုးနှံ သည့် ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနား ယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး (၆)လပြည့်ပြီးဖြစ်သည့် အသက်(၆၅)နှစ်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို Booster Dose ထိုးနှံပေးလျက်ရှိရာ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း(၂၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)