ဂျပန်စကားပြော အခြေခံ  N-5 သင်တန်းဖွင့်လှစ်

သံတွဲ ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Thandwe Youth Club တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်စကားပြောအခြေခံ N-5 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂:၃၀)နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်တွင် ဟောပြောပွဲများ၊ သင်တန်းများ၊ ပြိုင်ပွဲ၊ ပြပွဲများနှင့်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သင်တန်းသူ/ သားများအနေဖြင့် သင်တန်းအစမှသင်တန်းပြီးဆုံးသည့်တိုင် အချိန်ပြည့်တက်ရောက်ပေးရန်လိုအပ်ကြောင်းနှင့် သင်တန်းမှချမှတ်ထားသည့် စည်းကမ်းချက်များအလေးထားလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး Thandwe Youth Club မှ ဒု-ဥက္ကဋ္ဌ ဦးသန်းလင်းဇော်က Youth Club ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် Youth Club မှ ဥက္ကဋ္ဌ ဦးစည်သူနိုင်က သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဒေါ်အိအိဖြိုးနှင့် သင်တန်းသားများအချင်းချင်း အပြန်အလှန် မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဂျပန်စကားပြော အခြေခံ N-5 သင်တန်းကို ဧပြီလ ၂၃ ရက်နေ့မှစ၍ အပတ်စဉ် စနေ/ တနင်္ဂနွေ မွန်းလွဲ(၁)နာရီမှ (၂:၃၀)နာရီထိ သင်ကြားပြသသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/ သူ(၃၅)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

စန္ဒာကြည်(ခရိုင်ပြန်/ဆက်)