နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး

နောင်ချို ဧပြီ ၂၃ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဇာတ်ညွှန်းမြမြသန်း၏ မွေးကြိုင်သော လေလည်နံ့ပုံပြင်စာအုပ်ဖြင့် ရုပ်ပြပုံပြောခြင်းအစီအစဉ်ကို  ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှ တစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း ၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊ပြန်/ဆက်