စဉ့်ကူး စက်တင်ဘာ ၂
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀) နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀-က)များအား အများပြည်သူဖတ်ရှုနိုင်ရန်အတွက် စဉ့်ကူးမြို့နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့၏ ကြော်ငြာသင်ပုန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်နှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဩဂုတ် ၃၀ ရက်နေ့က စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။
အဆိုပါ ကပ်ထားကြေညာရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်လောင်း(၅)ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း(၆)ဦး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရှမ်းတိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦးတို့၏ အမည်စာရင်းများအား သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။
ကျော်မျိုးဝေ( ပြန်/ဆက် )