မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၅၇၀ ကျော် စိုက်ပျိုးပြီးစီး

မိတ္ထီလာ  ဧပြီ ၂၂

မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက ၅၇၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။                  

စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေး တွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာ ရေးနှစ်တွင် မိုးကြို ချည်မျှင်ရှည်ဝါကို မိတ္ထီလာကန်ရေဖြင့် မကျီးစု၊ ကဖြူ၊ ကံကြီး၊ ညောင်မြင့်၊ ကွက်ငယ်အုပ်စုများရှိ ကွင်း(၈)ကွင်းမှစိုက်ဧက ၃၃၇.၅၉ ဧက၊   ချောင်းကောက်ဆည်ရေဖြင့် လှည်းပွဲကျေးရွာအုပ်စုရှိ ကွင်း နှစ်ကွင်းမှ စိုက်ဧက ၂၂၉.၉၇ဧကနှင့်   ညောင်ကုန်တမံဖြင့်  ခင်တဲကျေးရွာရှိ  ကွင်း နှစ်ကွင်းမှ စိုက်ဧက ၅၂.၄၅ဧကတို့ကို စိုက်ပျိုးသွားရန် လျားထားဆောင်ရွက်ခဲ့သည်။

ယင်းသို့ လျားထားဆောင်ရွက်ပြီး မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးကြိုချည်မျှင်ရှည်ဝါ များကို မြို့နယ်အတွင်းရှိ ဆည်ရေ၊ ကန်ရေများဖြင့် မတ်လ ၁ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၅၇၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)