ငါ့သရောက် ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ငါ့သရောက်မြို့ မီးသတ်ရေယာဉ်ဖြင့် ယနေ့ နေ့လည် ၃ နာရီအချိန်က ငါ့သရောက်မြို့ ရပ်ကွက်များနှင့် ကျေးရွားများသို့ သွားရောက်ကာ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါ သည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် ရောဂါ ဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း ၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက Mask ကိုစနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကိုပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင် လေထွက်ကောင်းသော အခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစက်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကု့သမှုခံယူရန်စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များကို ပြည်သူများအားကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သင်္ကြန်ကာလ ရုံးပိတ်ရပ်များတွင် ဘုရားဖူးခရီးသွာလာကြလျှင်လည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလက်မှတ်နှင့် မှတ်ပုံတင် တစ်ပါတည်းယူဆောင်သွားကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖြိုးဝေ(ပြန်/ဆက်)