ခေါဇာ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကိုးမိုင်ကျေးရွာတွင် ယမန်နေ့ ည ၁၂ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရခြင်းမှာ အဆိုပါ ကျေးရွာ ရပ်ကွက် (၃) ရှိ ဒေါ်လှတင်၏နေအိမ်တွင် ထင်းမီးဖြင့် ခြင်မီးခိုးမှိုင်းတိုက်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ မီးလောင်ရာသို့ ကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ပတ်ဝန်းကျင် အိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ယင်းနေ့ ည ၁၂ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၄၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ဒေါ်လှတင်၏ (၃၀'×၂၀') ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၁) ထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် အိမ်ပိုင်ရှင်ဖြစ်သူအား ခေါဇာနယ်မြေရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ညီညီချမ်း (ပြန်/ဆက်)