မိတ္ထီလာ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အခြေခံပညာဦးစီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ Online မှ တစ်ဆင့် ပို့ချပေးလျက်ရှိသော အခြေခံပညာ မူလတန်းအဆင့် ပဉ္စမတန်း(Grade 5)သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်း(TOT)ကို မြို့နယ် အတွင်းရှိ မူလတန်း ကျောင်းအုပ်များနှင့် မူလတန်းပြဆရာဆရာမများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူနီတိ ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိရာ ၎င်းသင်တန်းကို ဆရာ ၅၂ ဦးနှင့် ဆရာမ ၅၆ ဦး စုစုပေါင်း ၁၀၈ ဦး တက်ရောက်လျက်ရှိပြီး ယင်းသင်တန်းပြီးဆုံးပါက သင်တန်းသားသင်တန်းသူများက နည်းပြများအဖြစ် တာဝန်ယူ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းသင် ဆရာဆရာမများအား ပြန်လည် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)