တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်လစာ ငွေများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ အေးချမ်းစွာထုတ်ပေး

တိုက်ကြီး ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ၏ ပင်စင်လစာငွေများအား   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ပင်စင်လာရောက်ထုတ်ယူသူများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ခံထံမှ သိရသည်။

တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် ဘဏ်သို့လာရောက်၍ အငြိမ်းစားလစာထုတ်ယူသူ နိုင်ငံဝန်ထမ်း (အငြိမ်းစား)များ၊ ဘဏ်နှင့်ပတ်သက်၍ လုပ်ငန်းလာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ဘဏ်သို့အဝင်တံခါးပေါက်ရှေ့တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ ထိုင်စေခြင်း၊ ရေနှင့်လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်တို့ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်းနှင့် (Mask) မပါရှိသူများအား (Mask) များ အခမဲ့ပေး၍ (Mask) တပ်ဆင်ပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ် ကောင်တာသို့ အလှည့်ကျဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ်ပြုရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခြားကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ   ဆောင်ရွက်ပေးလျက်ရှိပြီး E – Pension ကတ်ကိုင်ဆောင်သူများအနေဖြင့် လကုန်ရက်အထိ ပင်စင်လစာ မထုတ်ယူနိုင်သူများအတွက် လကုန်ပြီးရက် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထုတ်ယူနိုင်ရေး မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း  သိရသည်။

တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင်လစာငွေထုတ်ယူသူ အငြိမ်းစား ဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးဖွင့်ရက်များတွင် ပုံမှန်ထုတ်ပေးလျက်ရှိပြီး လာရောက်ထုတ်ယူသူ အငြိမ်းစား ဝန်ထမ်း များနှင့် ဘဏ်လုပ်ငန်းများ လာရောက်လုပ်ဆောင်ကြသည့် ပြည်သူများ လုံခြုံမှုရှိစေရေးအတွက်လည်း တိုက်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)