မိတ္ထီလာ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) မှ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါ ကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) မှ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းမှ သင်တန်းသူ/သင်တန်းသားများက အလှဆုံး ဥယျာဉ်မှူးများနှင့် ရိုးရာမပျက်တဲ့မြေ သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မိတ္ထီလာပညာရေး ဒီဂရီ ကောလိပ်မှ နည်းပြများက မင်္ဂလာပါနှင့် ရွှေသုန္ဒရီသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ၎င်း ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) ကို သိပ္ပံဘာသာရပ်တွင် သင်တန်းသား သင်တန်းသူ ၂၃၅ ဦးနှင့် ဝိဇ္ဇာဘာသာရပ်အတွက် သင်တန်းသား သင်တန်းသူ ၁၆၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၅ ရက်နေ့ ဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) မှ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးနှင့် တာဝန်ရှိသူများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)