နေပြည်တော် ဧပြီ ၂၂
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်လေပြေ(တောင်တွင်း) ရေးသားသည့် မြို့တော်သာယာရေး ဆောင်းပါးဖြင့် ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သန့်ရှင်းသာယာလှပမှုများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးဟန်ညွန့် (ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးရန်နိုင် (ခိုင်မင်း-နေပြည်တော်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဦးမျိုးသန့် (မျိုးလေး-ကသာ)နှင့် စာပေဝါသနာရှင်များ က စာရေးဆရာ မောင်လေပြေ(တောင်တွင်း) ရေးသားသည့် မြို့တော်သာယာရေး ဆောင်းပါးဖြင့်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များနှင့် နေပြည်တော် သန့်ရှင်းသာယာလှပမှုများကို မိမိတို့၏ သဘောထား အမြင်များ၊ ဝိုင်းဝန်းဆောင်ရွက်သင့်သည့် အချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)