ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလ ဌာနဆိုင်ရာနှင့် ကျေးရွာများ၌ ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိ

ကျောက်ပန်းတောင်း ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန ဆည်ပေါက် ပျိုးဥယျာဉ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ဌာနဆိုင်ရာများနှင့် ကျေးရွာများ၌ ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၀၀၀၀) ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း မြိုနယ်သစ်တောဦးစီးဌာနမှူးထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရေ၊ မြေ၊ တောတောင်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ရာသီဥတုနှင့် ဂေဟစနစ်မျှတစေရန်အတွက် သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သစ်တောဦးစီးဌာန၊ ဆည်ပေါက်ပျိုးဥယျာဉ်ခြံမှ လူထုဖြန့်ပျိုးပင်ပေါင်း(၂၀၀၀၀) ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါပျိုးပင်များကို ဌာနဆိုင်ရာ များနှင့် ကျေးရွာများသို့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆည်ပေါက်ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသည့် ပျိုးပင်များမှာ ကျွန်းပျိုးပင်(၄၀၀၀)၊ တမာ(၄၀၀၀)၊ မြန်မာကုက္ကိုလ်(၄၀၀၀)၊ မယ်ဇလီ(၄၀၀၀)နှင့် ယင်းမာ(၄၀၀၀)တို့ကိုပျိုး ထောင် ထားရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ ပျိုးပင်များကို မိုးဦးရာသီကာလများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ တပ်နယ်တပ်ရင်းများသို့ ပျိုးပင်(၁၀၀၀၀)နှင့် ဌာနဆိုင်ရာများနှင့်ကျေးရွာများသို့ ပျိုးပင် (၁၀၀၀၀) ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊ ဌာနများနှင့်ကျေးရွာများသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး သစ်ပင်စိုက်ပျိုးရာတွင် လုံလောက်သော အစိုဓာတ်ရရှိချိန်၌ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေခြင်း/ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)