ဆေကဝတီဗုဒ္ဓတက္ကသိုလ် (၃) နှစ်ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံလုံးဆိုင်ရာ သီလရှင်ဆရာကြီး ဆရာလေးများ၏ စာတမ်းဖတ်ပွဲနှင့် ပညာရေးနှီးနှောဖလှယ်ပွဲကျင်းပ

ပြင်ဦးလွင်  ဧပြီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဆေကဝတီဗုဒ္ဓတက္ကသိုလ် (၃) နှစ်ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံလုံး ဆိုင်ရာသီလရှင်ဆရာကြီး ဆရာလေးများ၏ စာတမ်းဖတ်ပွဲနှင့် ပညာရေးနှီးနှော ဖလှယ်ပွဲကို ယနေ့  နံနက်(၇)နာရီက ရပ်ကွက်ကြီး(၂)  ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်စေတီ တော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ သံဃသာမဂ္ဂီဝိသုံဂါမ မဟာသိမ်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်ဆရာတော်/ ဆရာကြီးများ၊  ဆရာတော် သံဃာတော်များ၊ ဩဝါစရိယဆရာကြီးအပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ သီလရှင်ဆရာကြီး ဆရာလေး အပါး (၂၃၃) ပါးနှင့် တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ကြသည် ။ 

အဆိုပါ  မြန်မာနိုင်ငံလုံးဆိုင်ရာသီလရှင်ဆရာကြီး ဆရာလေးများ၏ စာတမ်းဖတ်ပွဲနှင့် ပညာရေးနှီး နှောဖလှယ်ပွဲကို နံနက်(၇)နာရီတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အားဖွင့်လှစ်ခဲ့ကာ ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိနယာ လင်္ကာရ (အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ)၏ အဖွင့်ဩဝါဒကထာကို ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဂန္တ သာရ ကဖတ်ကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး သီလရှင် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဆေကဝတီဗုဒ္ဓ တက္ကသိုလ်၏ ဩဝါဒါစရိယဆရာကြီး ဒေါ်ပညာဝတီက သာရဏီယကထာစကား လျှောက်ထား ခြင်း၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ်တည်ထောင်သူနှင့် ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီက သမ္မောဓနီယ ကထာစကား လျှောက်ထားခြင်း၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပညာရေးဘုတ်အဖွဲ့ အတွင်းရေးမှူး ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တသာဓိနက စာတမ်းများ နှင့် စပ်လျဉ်း၍ မိတ်ဆက်စကားပြောကြား ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆရာလေး မစရဏဉာဏီ က “မျက်မှောက်ခေတ်သီလရှင်များ၏ သာသနာရေး၊ ပညာရေး အခြေအနေနှင့် အနာဂတ်အလား အလာ” စာတမ်းအားလည်းကောင်း၊ ဆရာလေး မအဂ္ဂသိင်္ဂီက “နိုင်ငံတကာအဆင့်မီသော သီလရှင် ဗုဒ္ဓတက္ကသိုလ် ဖြစ်ပေါ်ဖို့” စာတမ်းအားလည်းကောင်း၊ ဆရာလေး မဉာဏဝတီက “ မြန်မာနိုင်ငံနှင့် သီလရှင်များ၏ သမိုင်းကြောင်း ” စာတမ်းအားလည်းကောင်းအသီးသီး ဖတ်ကြားတင်သွင်းပြီး ကြွ ရောက်တော် မူလာကြကုန်သော ဆရာကြီး/ဆရာလေးများက စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေး မေးမြန်းခြင်းနှင့် မျိုးဆက်သစ် သီလရှင်ဆရာလေးများအတွက် ပညာရေးဆိုင်ရာများကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)