ဖားကန့်၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ဖားကန့်  စက်တင်ဘာ  ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်၌ ယနေ့နံနက် ၃ နာရီက သွေးလွန်တုပ်ကွေး ရောဂါ အဆင့်-၄ဖြင့် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီးနောက် ကလေးငယ်နေထိုင်ရာ မော်ဝမ်းရပ်ကွက်၊ အုပ်စု(၆)တွင် ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ကြက်ခြေနီ စေတနာ့ဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများအား ချက်ခြင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကလေးငယ်သည် စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီတွင် ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့ နံနက် ၃ နာရီတွင် သွေးလွန်တုပ်ကွေးရောဂါ အဆင့်-၄ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ယခုနှစ်အတွက် သွေးလွန်တုပ်ကွေးရောဂါဖြင့် ပထမဆုံး သေဆုံးမှုဖြစ်ကြောင်း သိရသည်။

ကြက်ခြေနီစေတနာ့ဝန်ထမ်း ဦးအောင်အောင်က ဖုံး၊ သွန်၊ လဲ၊ စစ် နဲ့ ခြင်ဆေးဖျန်းခြင်းကို ကလေးငယ် နေထိုင်ခဲ့တဲ့ ဘေးပတ်ဝန်းကျင်က နေအိမ် လေးဆယ်လောက်မှာ ဆောင်ရွက်ခဲ့ပါတယ်ဟု ပြောသည်။

ယမန်နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု (၄၃၄)ဦးတွင် သေဆုံးသူ (၃)ဦး ရှိခဲ့ပြီး၊ ယခုနှစ်တွင် ရောဂါဖြစ်ပွားသူ (၁၈)ဦးတွင် သေဆုံးသူ ယခုကလေးငယ် တစ်ဦးသာရှိကြောင်း မြို့နယ်ကျန်းမာရေး ဌာနမှ သိရသည်။

တာလင်းမောင်(ပြန်/ဆက်)