ကျောက်ဆည် ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်လမ်းများပြုပြင်ပေးခြင်း၊ ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ ကျေးရွာချင်းဆက်လမ်းများတွင် တံတားများဆောက်လုပ်ပေးခြင်း၊ သောက်သုံးရေးများ ဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်း(၁)လမ်းနှင့် Box Culvert တံတား(၁)စင်း ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေ (၁.၂၈)ကျပ်သန်းအကုန်အကျခံကာ အရှည် (၂.၄၈) ဖာလုံ အကျယ်(၁၂)ပေ၊ အောက်ခံမြေသားထု(၂)လက်မအပေါ်တွင် ဂျင်းကျောက်မြေထု (၉)လက်မ၊ မြေသားလမ်းနှင့် အဆိုပါလမ်းပေါ်တွင်အမြင့်(၄)ပေ၊ အလျား(၁၅)ပေ၊ အနံ(၄)ပေ Box Culvert တံသား(၁)စင်း ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းပြီးစီးသွားပါက သာစည်ကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ခင်းထွက်ကုန်များသယ်ယူရာတွင် အချိန်ရာသီမရွေး စိုက်ခင်းထွက်ကုန်များဖြစ်သည့် သီးနှံမျိုးစုံအား အချိန်ကုန်သက်သာစွာဖြင့် လွယ်လွယ်ကူကူ သယ်ယူနိုင်တော့မည်ဖြစ်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးကပြောပြ၍ သိရသည်။
သက်မောင်