ကျိုင်းတောင်းမြို့တွင် Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း လက်တွေ့သရုပ်ပြသ

ကျိုင်းတောင်း ဧပြီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းအား ဧပြီ ၂၀ ရက်နေ့မှ ဧပြီ ၂၂ ရက်နေ့ထိ သင်ကြားပို့ချ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က လက်တွေ့သရုပ်ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ မီးသတ်ဌာနရှိ ဝတ်စုံ(၃)စုံ အကြောင်းအားရှင်းလင်းဆွေးနွေးခြင်း၊ မီးသတ်ဆေးဗူးအကြောင်း သိကောင်းစရာများ၊ မီးသတ်ကားအကြောင်း သိကောင်းစရာများ၊ မီးငြိမ်းသတ်ရေးပစ္စည်းများအကြောင်း သိကောင်းစရာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးကျော်မင်းဦးက ပတ်တီးစည်းခြင်း၊ ကျပ်စည်းခြင်း၊ အရိုးကျိုးလျှင် ပြုလုပ်ဆောင်ရွက်ရမည့် သိကောင်းစရာများကို လက်တွေ့သရုပ်ပြသခဲ့ပြီး ဆက်လက်၍ သင်တန်းတက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)