လှိုင် စက်တင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ တိကျ စွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အတွင်းရှိ ရပ်ကွက် ၁၆ ရပ်ကွက်၌ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ခံများက အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၈ နာရီကစ၍ နေ့စဉ် နံနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် နှိုးဆော် ပေးလျက် ရှိကြကြောင်း သိရသည်။
ယင်းသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ထိခိုက်စေနိုင် သည့်အပြင် အသက်ဘေး အန္တရာယ် သေဆုံး သည်အထိ ဖြစ်ပွားနိုင်သဖြင့် မလိုလားအပ်သည့်ရောဂါ ဖြစ်ပွားမှုမရှိစေ ရန် ကာကွယ်ရေး နည်းလမ်း များ ဖြစ်သည့် လူစုလူဝေးရှိသည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာ တွင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့်ကာကွယ်ရေး နည်းလမ်း များကို ပြည်သူများ တိတိကျကျလိုက်နာကြ ရန် နေ့စဉ်အသိပေးနှိုးဆော်မှုများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ကြည်ဇေသော်(ပြန်/ဆက်)