တာမွေမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာမွေ ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အစားအစာထုတ်လုပ်ခြင်းကဏ္ဍ၊ လက်ကားနှင့် လက်လီ ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများ၌ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် အခြေခံ အချက်အလက်များ စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အုန်းမြင့်က “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်း ကော်မတီမှ ကလေးလုပ်သားများနှင့်စပ်လျဉ်း၍ အစားအစာထုတ်လုပ်ခြင်းကဏ္ဍ၊ လက်ကားနှင့် လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများ၌ ကလေးလုပ်သား လျော့နည်းပပျောက်စေရေးအတွက် အခြေခံ အချက်အလက်များ ကောက်ယူရန်နှင့် လိုအပ်သည့် မူဝါဒများ ချမျတ်ရေးဆွဲနိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းပေါင်း(၄၂၉၅)ခုရှိ ကလေးအလုပ်သမား စစ်တမ်းကို ပထမအကြိမ်အဖြစ် ကောက်ယူခဲ့ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး စီမံချက်ဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကလေး အလုပ်သမားစစ်တမ်းကို ဒုတိယအကြိမ် ကောက်ယူနိုင်ရန်အတွက် နမူနာကောက်ယူရမည့် လုပ်ငန်းစာရင်းများသည် ပထမအကြိမ်တွင် ကောက်ယူခဲ့သော လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ကွဲလွဲမှု ရှိနိုင်ပါ၍ လက်ရှိတွင် လုပ်ငန်းများ လည်ပတ်မှု ရှိ/မရှိ သိရှိလိုပါသဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် တာမွေမြို့နယ်အတွင်းရှိ မှန်ကန်သည့် ကလေးအလုပ်သမား စာရင်းကောက်ယူရရှိနိုင်ရေး အတွက် လိုအပ်သည့် ဝိုင်းဝန်းပူးပေါင်း ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးစေလိုကြောင်း ” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ ကလေးအလုပ်သမား စာရင်းကောက်ယူရရှိနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်အုန်းမြင့်က ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်