စဉ့်ကူး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးသူနာ ပြုစုနည်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က နိုင်ငံတော်အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ၊ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရန် အစီအမံများ ချမှတ်ထားကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း၊ ယခုအခါ မြို့နယ် ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲနှင့် ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း သင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲဥက္ကဋ္ဌ ဦးထွန်းဗိုလ်က ကြက်ခြေနီတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာ ပုံအဆင့်ဆင့်တို့အား လည်းကောင်း၊ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း တက်ရောက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိကိုယ်တိုင် ပြုစုစောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်း၊ ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ဦး၏အသက်ကို ကယ်တင်ပေးနိုင်သည့် အတတ်ပညာဖြစ်၍ လူတိုင်း တက်ရောက်ထားသင့်ကြောင်း၊ သင်တန်းတွင် သင်ကြားပေးခဲ့ သည့်ရှေးဦးသူနာပြုစုနည်းများကို လက်တွေ့အသုံးချပြီး လူမှုအသိုက်အဝန်းကို အကျိုးပြုကြ လိုစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြကာ သင်တန်း ကာလမှာ ဧပြီ ၂၂ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)