ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကြက်ခြေနီကျင့်ဝတ်(၅၀)နှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဟိုပန် ဧပြီ ၂၂

၂၀၂၂ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာကြက်ခြေနီနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ စေတနာလုပ်အားရှင်များအား ပြည်သူ့အကျိုးပြု လူမှုဂရုဏာရှင် လုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံတော်၏ လူမှုဂရုဏာအရန်အင်အား စေတနာလုပ်အားရှင်များ ဖြစ်ပေါ်လာစေရန် အတွက်  ကြက်ခြေနီကျင့်ဝတ် (၅၀)နှင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက ဟိုပန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဟိုပန်မြို့နယ် ကြက်​ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက ဟိုပန်မြို့နယ် ကြက်​ခြေနီသူနာပြု တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ အကြောင်းအရာများနှင့် အတွင်းရေးမှူး ဒေါ်နန်းခမ်းပန်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များကို အသီးသီးရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဟိုပန်မြို့နယ် ကြက်​ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၁၀)ဦးက ကြက်ခြေနီကျင့်ဝတ် (၅၀) နှင့် " ကြင်နာစိတ်ထား ကြက်ခြေနီများ၊ လူတိုင်းအပေါ် ကူညီထား" ဆိုသည့် ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့​ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဟိုပန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများနှင့် မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)