ပေါင်မြို့တွင် လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ပြုပြင်ခြင်းအတွက် အလှူရှင်မိသားစုတစ်စုမှ လှူဒါန်း

ပေါင် ဧပြီ ၂၂

သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်ရှိ လူမူဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် လိုအပ်သော ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ် အားလုံးကို ဒေသခံအလှူရှင်မိသားစုတစ်ခုမှ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းသည် သက်တမ်းနှစ် (၃၀)နီးပါးရှိနေပြီးဖြစ်သည့် အတွက် အမိုးအကာများ၊ မျက်နှာကျက်များနှင့် ကျောင်းအဆောက်အဦးပိုင်းဆိုင်ရာတချို့ ပျက်စီးမှု ရှိလာသောကြောင့် လိုအပ်သော ပြန်ပြင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများတို့မှ အလှူရှင်ရရှိရေးကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

လက်ရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းပြုပြင်ခြင်းလုပ်ငန်း ကုန်ကျစရိတ်အားလုံးအတွက် ဒေသခံဖြစ်ကြသည့် ဒေါ်ကင်းပုန်း (ရတနာပုံ) ရွှေဆိုင်မိသားစုမှ တာဝန်ယူ လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း ၎င်းမိသားစုမှ သိရသည်။

၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့သော ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းမှာ အလျား ၃၀ ပေ၊ အနံ ၁၁၀ ပေရှိပြီး ကျောင်းသားကျောင်းသူ (၈၀)ဦးခန့်တက်ရောက်နိုင်ကြောင်း သိရသည်။

ယင်းမူကြိုကျောင်းကို အသက် ၃ နှစ်မှ ၅ နှစ်အရွယ်ထိ တက်ရောက်နိုင်ပြီး တစ်လလျှင် တစ်သောင်းခွဲကျပ် လစဉ်ကြေးပေးသွင်းရမည်ဖြစ်ပြီး ဆရာမသုံးဦးမှ ကြည့်ရှုသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

တင်ဇာစိုး(ပြန်/ဆက်)