ကျောက်တံတားမြို့နယ်တွင် Grade -5 သင်ရိုးသစ် နည်းပြသင်တန်းဖွင့်လှစ်ပို့ချပေး

ကျောက်တံတား ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့်မူလတန်းကို ခြုံငြုံပြီး အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 သင်ရိုးသစ်နည်းပြ အွန်လိုင်း သင်တန်းကို ကျောက်တံတားမြို့နယ် အထကကျောင်း၌ မနက်၉နာရီမှ ညနေ၃နာရီ ၃၀မိနစ်အချိန်အထိ  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 “ ဒီသင်တန်းကိုကျွန်မတို့အနေနဲ့ အတွေ့အကြုံတွေ၊  ဗဟုသုတတွေ များစွာရရှိပါတယ်။ ဒီအလယ်တန်းအဆင့် ပညာရေးသင်ရိုးညွှန်းတမ်းကို ကျောင်းသား/သူများအား ပြန်လည် သင်ကြားရာတွင် အသက်အရွယ်နှင့် သင့်လျော်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလစသည်တို့ကို ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာ စကားနှင့် ယဉ်ကျေးမှုဓလေ့တွေကို တန်ဖိုးထားတတ်ဖို့၊ လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှု တွေနဲ့ စိတ်နေသဘောထားတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ၊ နိုင်ငံသားကောင်းတစ်ယောက်မှာရှိရမယ့် စရိုက်လက္ခဏာတွေ၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ၊ ပြည်သူ့နီတိ ကျင့်စဉ်တွေ ဖြစ်ထွန်းစေဖို့၊ ကျန်းမာရေးနှင့် ပတ်သက်တဲ့ အသိ ပညာဗဟုသုတတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် အဓိကထား သင်ကြားပေးနိုင်စေရန် လေ့ကျင့်ပို့ချပေး တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီသင်တန်း ပြီးဆုံးလို့ မိမိတို့ ကျောင်းတွေကို ပြန်ရောက်တဲ့အခါကျရင်လည်း ကလေးတွေကို ကျောင်းသားဗဟိုပြုတဲ့ သင်ကြားရေးစနစ်တွေနဲ့ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ် “ ဟု ကျောင်းအုပ်ဆရာမကြီးဒေါ်တင်ဆန်းကပြောကြားခဲ့ပါသည်။

 အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာဦးစီးဌာန ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (နေပြည်တော်)မှ အွန်လိုင်းစနစ်ဖြင့် ၂၀၂၂-ခုနှစ် ဧပြီ(၂၀)ရက်နေ့မှ ဧပြီ(၂၆)ရက်နေ့အထိ ကျောက်တံတားမြို့နယ်မှ  ဆရာ/ဆရာမ (၇)ဦးအား တိုက်ရိုက် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး  သင်တန်းတွင် သင်တန်းသား/ သင်တန်းသူများအား GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ၊ ကာယပညာရပ်တို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြား ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)