ဟိုပန် ဧပြီ ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဟိုပန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က အများပြည်သူ လူငယ်လူရွယ်များ ကျန်းမာသန်စွမ်းပြီး ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်ရွယ်ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အမျိုးသမီး အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ဟိုပန်အားကစားကွင်း အတွင်းတွင်ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါကြောင်းပြောကြားကာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက်ဖွဲ့စည်း ပေးအပ်ထားသည့် ပွဲဖြစ်မြောက်ရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ပြန်ကြား/ ကြိုဆိုနေရာချထားရေး/ ဖိတ်ကြားရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ဘဏ္ဏာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီနှင့် အားကစားသမားများ အသက်စိစစ်ရေးကော်မတီ စသည့် ဆပ်ကော်မတီအဖွဲ့ဥက္ကဋ္ဌများက ကော်မတီလုပ်ငန်းတာဝန်များ ပြုလုပ်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဆပ်ကော်မတီများ၏ကဏ္ဍအလိုက် ဆောင်ရွက် ကြမည့် လုပ်ငန်းတာဝန်များ၊ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ အမျိုးသမီး အလွတ်တန်းဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ပေးကြပါရန် ဆွေးနွေးမှာကြားခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အမျိုးသမီးအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဧပြီလ(၂၅)ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ယနေ့အထိ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းထားသော ဘောလုံးအသင်းများမှာ ဟိုလီ၊ ကွမ်းလုံ၊ သံလွင်စတား၊ ကာလာဖူ၊ ကချင်စတား၊ မျိုးဆက်သစ်အသင်းစသည့် ဘောလုံးအသင်း (၆) သင်းရှိကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)