ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေသြဇာကြဲပက်ပွဲသို့ တောင်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီဌာနတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေးလိုက်သည့် ဝန်ထမ်းအသစ်များအား လုပ်ငန်းခွင်အကြိုသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ယင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူများအား မိမိတို့ဒေသခံ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအားလုံး အရည် အသွေး ကောင်းမွန်စွာဖြင့် ဈေးကွက်ကို တင်ပို့နိုင်ရေး၊ ကုန်ကြမ်းအနေဖြင့်သာမက ကုန်ချောအဆင့် အထိ ထုတ်လုပ်နိုင်ရေး၊ ပြုပြင်ထုတ်လုပ်လိုက်သည့် အသီးအနှံအစားအစာများသည်လည်း အရည် အသွေး ပြည့်မီရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ၏ ပညာရည်မြင့်မားမှု၊ ဒေသခံတောင်သူများအပေါ် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေး နိုင်မှုသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ယနေ့သင်တန်းသည် တောင်သူများ ၏ အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် သင်တန်းတစ်ခုဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် ပို့ချလိုက်သည့် နည်းပညာများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူကြရန်နှင့် တောင်သူများထံ နည်းမျိုးစုံဖြင့် အသိပညာပေးနိုင်ရေး ကြိုးပမ်းတာဝန် ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃)ရက်ကြာဖွင့်လှစ်သွားမည့် အဆိုပါ သင်တန်းသား/သူ ၁၁၄ ဦးတို့အား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြား မှူးချုပ်က တိုးမြှင့်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ကြရေး အမှာစကား ပြောကြားခဲ့ကာ သင်တန်း တွင် ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် အရာထမ်းများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ စိုက်ပျိုးတိုးချဲ့ခြင်း ပညာပေး နည်းပညာများ၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ၊ မြေသြဇာဥပဒေနှင့် မြေအသုံးချရေးဆိုင်ရာနည်းလမ်းများ၊ ပိုးပွှားအန္တရာယ်ကာကွယ် နှိမ်နင်းနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။         

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ရှိ လူမှုပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်း (မြစ်ကြီးနား)၏ ၁၁ နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ သွားရောက်၍ အသင်းနာယက၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်စေတနာ့ ဝန်ထမ်း များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်တွေ့ဆုံကာ အသင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ရာ အသင်းတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အသင်း၏ နှစ်ပတ်လည် လုပ် ငန်းဆောင်ရွက်မှုအစီရင်ခံစာ စာအုပ်တို့ကို ပြန်လည်ပေးအပ်ခဲ့သည်။

၄င်းပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်း (မြစ်ကြီးနား)သည် ၂၀၁၁ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အသင်းသား/အသင်းသူဦးရေ ၃၅၀ ဦးဖြင့် နာရေးကူညီခြင်း၊ သွေးလှူဒါန်းခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတို့တွင် ပြည်နယ် အစိုးရအဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသင်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၀ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဧက ၂၀၀ စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးပွဲနှင့် တောင်သူအသိပညာပေး အခမ်းအနားသို့ တက်ရောက်သည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပြုလုပ်သုံးစွဲနည်းနှင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲမှု၏ အကျိုး ကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေး‌နွေးရာ အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် ခရိုင်ဦးစီးမှူးတို့က အသိပညာပေး ရှင်းလင်းတင်ပြရာ တောင်သူ များက သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဧက ၂၀၀ စံပြစိုက်ကွက်အတွင်း တောင်သူ များနှင့် အတူ ရင်းနှီးပျော်ရွှင်စွာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကို ကြဲပက်ပေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တောင်သူများထံ သစ်စိမ်းမြေသြဇာမျိုးစေ့များကို ဖြန့်ဝေပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ဧက ၂၀၀ စံပြစိုက်ကွက်အတွင်း တောင်သူများ၏ လိုလားချက်ဖြစ်သည့် ရေကြီးနှစ်မြှုပ်မှုမှ ကာကွယ်ပေးနိုင်ရေး မြောင်းတူးဖော်ပေးခြင်းနှင့် မြောင်းကူးတံတားများ တည်ဆောက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် ပြန်/ဆက်