မုဒုံ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက်ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့၌ ကပ်ထားကြေညာထားရှိရာ မုဒုံမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၃)ဦးဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မုဒုံမြို့နယ်အတွင်းရှိ လွှတ်တော်(၄)နေရာ အတွက် ကိုယ်စားလှယ်လောင်း(၂၃)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်နေရာအတွက် ကိုယ်စားလှယ် လောင်း(၅)ဦး၊ အမျိုးသားလွှတ် တော်နေရာအတွက်ကိုယ်စားလှယ်လောင်း(၆)ဦး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)နေရာအတွက် ကိုယ်စားလှယ်လောင်း(၆)ဦး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)နေရာအတွက်ကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (ကရင်တိုင်းရင်းသား) တစ်နေရာ အတွက် ကိုယ်စားလှယ်လောင်း(၁)ဦးဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လွှတ်တော်နေရာများတွင်ပါတီ(၇)ပါတီတို့မှ ကိုယ်စားလှယ်လောင်း(၂၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်မျိုးသူ(မုဒုံ)