ပေးဆပ်သူ (အခမဲ့)လူမှုကူညီရေးအသင်း၏ (၁၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်း ၏ (၁၁) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ အသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အသင်း၏ ဦးစီးပဓာန နာယက မြစ်ကြီးနားမြို့ ခေမာသီရိကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်လာဘမှ ဩဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်း နာယက ဦးပေါ်ဦးမှ အသင်း၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဦးမှ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အသင်းသားအင်အား တိုးတက်လာပုံ၊ အသင်းအား ရေရှည် တည်တံ့စေရန် ကျိုးပမ်းဆောင်ရွက်ပုံများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက အသင်း၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းများအား အသီးသီး ဖတ်ကြားရှင်းလင်းခဲ့ ကြသည်။

ဆက်လက်၍ ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးရဲသန့်မှ ဆေးကုသခြင်းဆိုင်ရာ မှတ်တမ်းစာအုပ်များနှင့် အသင်းဝင်ကတ်ပြားများအားလည်းကောင်း၊ အသင်းအမှုဆောင်အဖွဲ့ဝင် ဒေါ်စန်းသီတာအောင်မှ သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊ အသင်းတွင် လုပ်ငန်းဆိုင်ရာ အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ကြသည့် အသင်းသား/သူများအား အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးရွှေတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကာ အသင်းဥက္ကဋ္ဌမှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်းသည် ကချင်ပြည်နယ်တွင် အင်အား အကြီးမားဆုံးဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အသင်းတစ်သင်းဖြစ်ပြီး  လက်ရှိတွင် အသင်းဝင်အင်အား (၄၀၀) ကျော်ရှိကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)