ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကျေးရွာအရောက် ထောက်ပံ့ငွေများပေးအပ်

ဆီဆိုင်  စက်တင်ဘာလ   ၂

Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်စေရန် အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ရှမ်းတိုင်းရင်းသားအများစုနေထိုင်သည့် ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ကျေးရွာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်သည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ်အဖြစ် အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကုန်းဆွတ်ကျေးရွာအုပ်စုစာရေး ဦးကျော်ဝင်းဦးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကောလီတို့က ရှမ်းတိုင်းရင်းသားအများစုနေထိုင်သည့် ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၃)ရွာ မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၇၂)စု၊ လူဦးရေ(၂၄၂)ဦး အတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၄၄၀၀၀၀)ကျပ်အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)