မင်္ဂလာဒုံမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကပ်ထားကြေညာပေး

မင်္ဂလာဒုံ  စက်တင်ဘာ ၂

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ(၃၀) ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး များတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မင်္ဂလာဒုံ မြို့နယ်မှ ပါဝင်ယှဉ်ပြိုင် မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း၊ မဲဆန္ဒနယ် အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ရခိုင် တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အများ ပြည်သူ သိရှိစေရန် ကပ်ထားကြေညာပေးလျက် ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် အနေဖြင့် မဲရုံပေါင်း ၁၃၂ ရုံ လျာထားပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)ပြည့်ပြီး မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ  စုစုပေါင်း( ၂၅၃၆၁၇)ဦး ရှိကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)