သီပေါ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန သို့သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအားပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၄၅) အုပ်ခန့် အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုသိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေး ခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကဌာနဆိုင်ရာရုံးများ ၊ ရပ်ကွက်များသို့အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)