အားကစားနှင့်အတူ ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ အခြေခံစစ်တုရင်ထိုးနည်း သင်တန်းဖွင့်လှစ်သင်ကြား

ပျဉ်းမနား ဧပြီ ၂၁

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များကို အားကစားနှင့်အတူယှဉ်တွဲပြီး ဉာဏစွမ်းရည်များပါ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ အခြေခံစစ်တုရင်ထိုးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးသန့် က လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုနှင့် ကာယ၊ ဉာဏဆိုင်ရာပြိုင်ပွဲများကျင်းပဆောင်ရွက်မှု  အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် စစ်တုရင်ကော်မတီ အတွင်းရေးမှူး ဦးတင်အောင် က အခြေခံစစ်တုရင်ထိုးနည်းသင်တန်းတွင် သင်ကြားပြသပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေခံစစ်တုရင်ထိုးနည်းသင်တန်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ Grade-10 ကျောင်းသား(၁၀)ဦးတို့ တက်ရောက်လျက်ရှိပြီး ဧပြီလ(၂၁)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ စစ်တုရင်ပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခန့်ဝင်းကျော်(ပြန်/ဆက်)