ညောင်ဦး ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများသည် နွေရာသီ နွားစာမြက် ရှားပါးမှုမဖြစ်စေရန် နေပီယာမြက်စိုက်ပျိုးမှု များလာပြီး နွားစာရှားပါး တစ်ထောင့်တစ်နေရာမှ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း သစ်ထောင့်ကျွန်းကျေးရွာ နေပီယာမြက် စိုက်ပျိုးထား သည့် တောင်သူဦးအေးကိုထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် နွားစာမြက်ရှားပါးခြင်းကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရပြီး ဆောင်းဦးပေါက်အစ၊ နွေရာသီတွင် နွားစာမြက်ရှားပါးလေ့ရှိရာ ဒေသတွင်းပေါက်ရောက်သည့် အပင်များဖြစ်သည့် တမာပင်၊ ကုက္ကိုပင်၊ ပင်းခံပင်၊ ဖက်ဝန်းပင်၊ ညောင်ပင်၊ ရှားပင်မှ ရှားရွက်၊ ရှားသီး၊ ထနောင်းရွက်၊ ထနောင်းသီးများကို မြေပဲရိုးမှော်နှင့်လည်းကောင်း၊ ပဲစင်းငုံမှော်နှင့် လည်းကောင်း၊ ပြောင်းရိုးခြောက်နှင့်ရောပြီး ကျွေးကာ နွားစာရှားပါးမှုကို နှစ်စဉ်နှစ်တိုင်း ဖြေရှင်းခဲ့ရကြောင်း၊ ထန်းသီးပေါ်ချိန်ထန်းသီး၊ ထန်းနို့ပေါ်ချိန်ထန်းနို့တို့ဖြင့် ရောကျွေးခြင်း များလည်းရှိခဲ့ကြောင်း ပုဂံမြို့ နတ်ကြို့အိုင့်ကျေးရွာ ဦးတင်ဆောင်ကနွားစာမြက်ရှားပါးစဉ်က အကြောင်းများကို ပြောကြားသည်။
ယခုအခါ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် နွားစာမြက်ရှားပါးမှုကို နေပီယာမြက်စိုက်ပျိုးခြင်းများဖြင့် ဖြေရှင်းရန်စိုက်ပျိုးခဲ့ရာ နေပီယာမြက်များ အောင်မြင်ဖြစ်ထွန်းနေ ကြောင်း၊ နေပီယာမြက်စတင်စိုက်ပျိုးရန် မျိုးများကို ပလင်းကမ်းသာယာဆင် စခန်းမှအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း၊ နေပီယာမြက်သည် ရာသီဥတုပူပြင်းဒဏ်ခံသလို၊ စိုစွတ်သည့် ရာသီဥတုလည်းကြိုက်ကြောင်း၊ နေပီမြက်ကို ဆင်များ၊ နွားများ၊ ဝက်များ၊ ဆိတ် များ ကြိုက်ကြသလို နုတ်နုတ်စင်း၍ ငါးမွေးကန်များထဲရှိ ငါးများကိုလည်း အသားတိုးအဖြစ် စားသုံး ကြခြင်းကြောင့် ကျွေးမွေးနိုင်ကြောင်း၊ နေပီယာမြက်သည် တိရစ္ဆာန်များအာဟာရ ဖြစ်သလို အသားတိုးနှုန်းမြန်ခြင်းကြောင့် ကျေးလက်တောင်သူတိုင်း စိုက်ပျိုးပြီး ကျွေးသင့်ကာ နေပီယာမြက် အဆစ်တစ်ဆစ်စိုက်ပျိုးလျှင် အရွယ်ရောက် နေပီယာမြက်တစ်ပင်လျှင် အပင်ပွားဆယ်ပင် မှ အပင်သုံးဆယ်ထိပွားများပြီး အမြင့်(၁၀)ပေမှ(၁၈)ပေထိမြင့်မားကြောင်း၊ အညာဒေသ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာဖြစ်သော နေပီယာမြက်အား တောင်သူတိုင်းစိုက်ပျိုး ထားသင့်သည့် မြက်မျိုးဖြစ်ကာ ညောင်ဦးမြို့နယ် နေပီယာမြက်စိုက်ပျိုးသည့် ကျေးလက်တောင်သူများ နွားစာမြက်ဖူလုံစွာကျွေးနေရကြောင်း သိရသည်။
ကိုထိန်၊KPD