စဉ့်ကူး ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းစေရေးအတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်အချက်များကို လိုက်နာကြပါ ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်ဝစွာ ထိုးနှံနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များကို စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက်အတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)