အင်တော စက်တင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်အတွက် မြို့မစျေးနှင့် ရပ်စောက်-အင်တော-နောင်ချို ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက်တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်တောတိုက်နယ် ဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင် များက ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကား၊ဆိုင်ကယ်ဖြင့် ခရီးသည်များ၊ ဒေသခံ ပြည်သူ များနှင့် မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအား အသိပညာပေးခြင်း၊ပြည်သူများအား မိမိအိမ်တွင် သာနေထိုင်ကြရန်၊ မဖြစ်မနေအိမ် အပြင်သွားပါက ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ပြီးမှ သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုအား ထိတွေ့ကိုင်တွယ်မိတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေးအား ရှောင်ရှားကြရန် အသိပညာပေးပြီး နှာခေါင်းစည်းမပါရှိသူများအား နှာခေါင်းစည်း(၂၅၀)ခု အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
အင်တောမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများအား ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ခိုင်၊ အင်တော(ပြန်/ဆက်)