မိုးညှင်းမြို့၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်ပို့ချ

မိုးညှင်း  ဧပြီ  ၂၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) အွန်လိုင်းသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီမှစတင်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ မြသရဖူခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရှိသည်။

ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) အွန်လိုင်းသင်တန်းကို တစ်နိုင်ငံလုံး တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်း၌ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက ကျောင်းသား၊ ကျောင်းသူများအား သင်ကြား ပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်ရေး အတွက်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် ဗဟိုနည်းပြများအဖြစ် မိုးညှင်းမြို့နယ်အတွင်းမှ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမ စုစုပေါင်း(၅၆)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာဘာသာရပ်များကို ဧပြီ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)