ဇေယျာသီရိ ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ စာကြည့်တိုက်အသင်းဝင် ကျောင်းသား/သူကလေးငယ်များအား ဖိတ်ခေါ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က လေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင် မှုရှိစေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းနှင့် စာပေစိတ်ဝင်စားမှုမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုဖိတ်ခေါ်၍ ပြိုင်ပွဲများပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် ပြန်/ဆက်ဦးစီးဌာန တာဝန်ရှိသူများကဦးဆောင်၍ အသင်းဝင်ကလေးငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသောအသင်းဝင် ကလေးငယ်များအားဆုများ ချီးမြှင့် ပေးအပ်ခဲ့သည်။
အဆိုပါပွဲသို့ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင်ကျေးရွာများမှအသင်းဝင် ကျောင်းသား/သူ (၂၀) ဦး တက်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)