မင်္ဂလာဒုံမြို့နယ်တွင် သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ Trainer of Training (TOT) Online သင်တန်း ဖွင့်လှစ်

မင်္ဂလာဒုံ ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမအနီးရှိ မြို့နယ်ပညာရေးမှူး ရုံးတွင် ဧပြီလ (၂၀)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade 5 ဗဟိုအဆင့် နည်းပြ Trainer of Training(TOT) Online သင်တန်းကို စတင်ဖွင့်လှစ်ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီလ(၂၀)ရက်နေ့မှဧပြီလ( ၂၅)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ပေးပို့သော မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ+ကာယပညာဘာသာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ညွှန်ကြားရေးမှူးတို့နှင့် ဘာသာရပ်ကျွမ်းကျင် ဆရာ ဆရာမများက ပို့ချသည့် သင်ခန်းစာ တို့ကို Online မှတဆင့် သင်ကြားခြင်းကို မြို့နယ်ပညာရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်၏ သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ Trainer of Training(TOT) Online သင်တန်းတွင် မြို့နယ်အတွင်းရှိ လက်ထောက်ပညာရေးမှူး (၁)ဦး၊ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ (၂၂)ဦး၊ မူလတန်းပြ ဆရာမ (၁၅)ဦး စုစုပေါင်း (၃၈)ဦး တို့တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ပြီးဆုံးပါက မြို့နယ်၏ သတ်မှတ်ထားသော အခြေခံပညာကျောင်းတွင် ဆရာ၊ ဆရာမ (၅၅၉)ဦးတို့အား မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ  နည်းပြအဖြစ်ဆင့်ပွားသင်တန်း  ပို့ချပေးမည်ဖြစ်ကြောင်းနှင့်     ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ သင်ရိုးသစ် Grade 7၊ Grade 8 ဗဟိုအဆင့် နည်းပြသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဆုလှိုင်(မင်္ဂလာဒုံ)