ငါန်းဇွန် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု၊ မြို့သာအရှေ့ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကတ္တရာထက်ပိုးလွှာလမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့သာဈေးမြောက်ဘက်၌ ပလက်ဖောင်းခင်းရန်မြေနေရာ ကွင်းဆင်းကြည့်ရှုလျာထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ မြို့သာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့သည် မြို့သာအရှေ့ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၉ဒသမ၄၆၂) ကျပ်သန်းဖြင့် ဆောင်ရွက်နေသော ရွှေတောင်ကတ္တရာထပ်ပိုးလွှာလမ်း (အလျား ၉၀၆ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မ) ခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးအေးသူ (AE) က ကတ္တရာထပ်ပိုးလွှာလမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၅ဒသမ၂) ကျပ်သန်းဖြင့် မြို့သာစည်ပင်သာယာဈေးမြောက်ဘက် မန္တလေး-မြို့သာ-မြင်းခြံမော်တော်ကား လမ်းဘေးပလက်ဖောင်း (အလျား ၃၅၃ ပေ၊ အကျယ် ၅ ပေ၊ ထု ၉ လက်မ) ခင်းရန်အတွက် မြေနေရာ ကွင်းဆင်းလျာထား သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)