ဆွမ်ပရာဘွမ် ဧပြီ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (community center) ခန်းမ၌ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ မြို့နယ်ဦးစီးမှူးက စာအုပ်စာစောင် ခင်းကျင်းပြသရခြင်းဖြင့် စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွား လာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြား နိုင်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းပြခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် သုတ/ရသစာအုပ်များ ဖတ်ရှု လေ့လာပြီး အချင်းချင်းအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)