ပူတာအို ဧပြီ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် လူငယ်လူရွယ်များ အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ(၂၀)ရက် နံနက်(၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဖွင့်လှစ်သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဖွင့်လှစ်သွားမည့် သင်တန်းနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့က သင်တန်းတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့်သင်တန်းတွင် သင်ကြားပို့ချပေးသွားမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချ နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ကျန်းမာကြံ့ခိုင်သည့် လူငယ်များပေါ်ထွက်လာစေရန်အတွက် သင်တန်း ဖွင့်လှစ် ပေးခြင်းဖြစ်ပြီး သင်တန်းတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်နည်းစနစ်မှူး ဒေါ်အားတာဒွေ့နှင့်နည်းပြများက သင်တန်းသူ စုစုပေါင်း(၂၀)ဦးတို့အား ဧပြီ (၂၀)ရက်မှဧပြီ(၂၆)ရက်အထိ တစ်ပတ်ကြာ မနက်ပိုင်းနှင့်ညနေပိုင်းနှစ်ချိန်ဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)