မိတ္ထီလာ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာခရိုင်လျှပ်စစ် မန်နေဂျာရုံးမှသိရသည်။
ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအနီးတွင် ကျေးရွာ (၃၃) ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်စေရန် JICA အစီအစဉ်ဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Unique Comm Group Co., Ltd မှ တာဝန်ယူ၍ ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်၍ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံကို တည်ဆောက်လျက်ရှိရာ အဆိုပါတည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာခိုင်နှုန်းပြည့်ပြီးစီး နေပြီဖြစ်သည်။ ၎င်း ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးတော့မည် ဖြစ်၍ လျှပ်စစ်မီးလင်းပြီးကျေးရွာ ၁၂ ရွာကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိမည့်အပြင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ (၃၃) ရွာကိုလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး မီးလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ) က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)