ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ်သင်တန်း ဖွင့်လှစ်

ကွမ်းခြံကုန်း ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက အေရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

သင်တန်းတွင်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်လူရွယ်များ ကာယစွမ်းရည် တိုးပွားရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် အေရိုးဗစ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန့်လင်းလင်းဝင်းက အေးရိုးဗစ်သင်တန်း တက်ရောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် နည်းပြဆရာမ ဒေါ်ပီတိဝေး၁က အေရိုးဗစ်ကကွက်များ ဆက်လက် သင်ကြားခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသူ (၁၅) ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ဧပြီ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)