နမ္မတူ ဧပြီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် ဖောငမြောင်တောင်ပိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး တောင်သူပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေ့ဦးစွာ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် ဖောငမြောင်တောင်ပိုး အန္တရာယ် ကြိုတင်ကာကွယ်ရေး တောင်သူပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက ဖောငမြောင်တောင်ပိုး ဖြစ်ပေါ်လာပုံအဆင့်ဆင့်နှင့် ဖျက်စီးနိုင်သည့်ပုံစံများ၊ ဖောငမြောင်တောင်ပိုး မကျရောက်စေရန်အတွက် ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ ဖောငမြောင်တောင်ပိုး ကျရောက်ပါက ပိုးအဆင့်ဆင့်အလိုက် နှိမ်နှင်းရန်နည်းလမ်းများနှင့် ပိုးသတ်ဆေးအသုံးပြုရန်သင့်သော အချိန်နှင့်မသင့်သောအချိန်များအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူ အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေး (Talk Show)ကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ လစဉ်အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)