မိုးညှင်း ဧပြီ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့ နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စာဖတ်ဝိုင်း၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် စာပေဝါသနာရှင်များဖြစ်ကြသည့် ဦးဇေယာအောင်က စာရေးဆရာ ရွှေညာသားမြတ်မင်းရေးသားထားသည့် တအန်း (ပလောင်) တိုင်းရင်းသားတို့၏ ဘဝဓလေ့ရိုးရာယဉ်ကျေးမှုများစာအုပ်မှ “တအန်းလူမျိုးများ၏ မျိုးနွယ်စုများ” နှင့် “တအန်းလူမျိုးတို့၏ မူလအစ” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဒေါ်ပိုပိုအောင်က စာရေးဆရာ တက်တိုးရေးသားထားသည့် စာဖတ်စည်းစိမ်စာအုပ်မှ “များများဖတ်မှ တတ်မယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဇာကြိုင်က စာရေးဆရာကျော်ကျော်လှိုင် ရေးသားထားသည့် ပျော်ရွှင်ခြင်း စာအုပ်မှ “ပျော်ရွှင်မှုနှင့်အခက်အခဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ ခရိုင် တာဝန်ခံ ဒေါ်နွယ်နွယ်အေးက လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ရသစာအုပ်များ၊ အသိပညာဗဟုသုတများ တိုးပွားစေမည့် သုတ စာအုပ်များ၊ ဂျာနယ်စာစောင်များ၊ စာပေဗိမာန်ဆုရစာအုပ်များနှင့် ဘာသာပြန်စာအုပ်များ စသည့် စုစုပေါင်းစာအုပ်(၁၀၀)ကျော်ကို ခင်းကျင်းပြသခဲ့ပြီး နံရံကပ်စာစောင်များတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးများ ပြသခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)