မောက်မယ်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့်ပစ္စည်းများ ကျေးရွာအရောက်သွားရောက်ထောက်ပံ့ပေးအပ်

မောက်မယ် ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့်ပစ္စည်းများကိုယနေ့နံနက်(၁၀) နာရီက လေဘေးသင့်ခဲ့သော ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလေမုတ် (မြဲလွန်) ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ ကျေးရွာအရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က အမှာစကားပြောကြားပြီး ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယယညွှန်ကြားရေးမှူး ဦးနေဝင်းက  ဘေးစီမံဌာန၏ ဘေးထောက်ပံ့မှုနှုန်းထားများနှင့် ထောက်ပံ့သည့်အခြေအနေများ၊ လေပြင်းဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် နည်းပညာရပ်များအား ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး ဧပြီလ(၁၉)ရက်နေ့ ညပိုင်း၉နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလေမုတ် (မြဲလွန်) ကျေးရွာတွင် နေအိမ်(၂)လုံး ပျက်စီးပြီး အမိုးလန်အိမ်(၉)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀၀/)ကျပ်နှင့် လေဘေးသင့်လူဦးရေ(၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၂၁၈၀၀/)ကျပ်နှင့်ပစ္စည်းများကို တာဝန်ရှိသူများကကျေးရွာသို့သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)