ဒဂုံ(အရှေ့) စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အများပြည်သူ လိုက်နာဆောင်ရွက်ရန်နှင့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့လျက်ရှိရာ ပြည်သူများ အနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသည့်အခါဖြစ်စေ၊ စျေးဝယ်ထွက်သည့်အခါဖြစ်စေ Mask တပ်ဆင်ကြရန်၊ မကြာခဏလက်ဆေးခြင်း၊ ရောဂါဖြစ်ပွားရာ ဒေသများမှ ပြန်လည်ရောက်ရှိ လာသူများရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနသို့ သတင်းပို့ကြရန် အစရှိသည့် အချက်များအား လှည့်လည် အသိပေးနှိုးဆော်ခဲ့ သည်။
အဆိုပါ လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ပြီး ရပ်ကွက်/ ကျေးရွာ များ၌ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)