ကျိုင်းတုံ ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဧပြီ ၁၇ ရက်က မြေဂရန်နှင့် မော်တော်ယာဉ် ခြောက်လှန့်တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့သစ်ရပ်နေ ဦးအားမဲနှင့် သမီးဖြစ်သူ မနာမီးရှဲတို့ နေအိမ်အတွင်းရှိနေစဉ် အမည်မသိအမျိုးသားသုံးဦးသည် ALPHARD မော်တော်ယာဉ်ဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဦးအားမဲအား ခြောက်လှန့်၍ တရုတ်သင်္ချိုင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ခြိမ်းခြောက်သူများအနက် တစ်ဦးမှ ဖုန်းဆက်၍ခေါ်ယူရာ အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ရောက်ရှိလာသော ယင်းအမျိုးသမီးနှင့် ခြိမ်းခြောက်သူများမှတစ်ဦးက ဦးအားမဲအိမ်သို့သွားရောက်ကာ ဦးအားမဲပိုင် မြေဂရန်နှင့် SHAN-46/--VIGO မော်တော်ယဉ်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ခြောက်လှန့်တောင်းယူခဲ့သူ (၄)ဦးကို ဥပဒေအရ စုံစမ်းအရေးယူဖော်ထုတ်ပေးပါရန် ဦးအားမဲက တရားလိုပြုလုပ်၍ ကျိုင်းတုံမြို့မရဲစခန်းသို့ တိုင်တန်းလာသည့်အတွက် တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဖူလိုင်ဟိုတယ်တည်းခိုနေသည့် တရာခံ(၄)ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)