မူဆယ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ နှာခေါင်းစည်း စုစုပေါင်း(၅,၀၀၀)ကို ယမန်နေ့က ပြည်သူများထံ(အခမဲ့) ဖြန့်ဝေပေးသည်။
“ယာဉ်အန္တရာယ်အတွက် မြေပြင်မှာလည်း လိုအပ်တဲ့ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေသလို ပြည်သူတွေ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကနေ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှားခေါင်းစည်းတွေကို (အခမဲ့)ဖြန့်ဝေပေး နေပါတယ်၊ ဒီနေ့မှာ နှာခေါင်းစည်း (၅,၀၀၀) ဝေငှပေးသလို နောက်ရက် တွေမှာ လည်း နှာခေါင်းစည်း (၅,၀၀၀) ကို ထပ်မံဝေငှပေးသွားမယ်၊ အလှူရှင်တွေက မူဆယ်ယာဉ်ထိန်းရုံးကို လာရောက်လှူဒါန်းပေးကြလို့ ကျွန်တော်တို့ တပ်ဖွဲ့ကလည်း ပြည်သူတွေထံ ပြည်လည်ဝေငှ ပေးနိုင်တာပါ၊ အလှူရှင်တွေက နှာခေါင်းစည်း ပေးအပ်လှူဒါန်းမှုအပေါ် မူတည်ပြီး နေ့စဉ်တတ်နိုင်သမျှ မိဘပြည်သူတွေအတွက် (အခမဲ့)ဝေငှပေးသွားမယ်၊ မူဆယ်မြို့၊ ပြည်သူလူထုအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တစ်ကျ လိုက်နာ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးကိုလည်း အတူတကွ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်” လို့ အမှတ် (၁၂၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)၊ ဒုတိယရဲမှူး ချစ်စိန်က ပြောသည်။
ဆက်လက်ပြီး မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ အသင်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖတို့ ဝိုင်းဝန်းပူးပေါင်းပြီး ကျန်းမာရေး စစ်ဆေးခြင်းများနှင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ခြင်းများ၊ အသိပညာပေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုထန်(ပြန်/ဆက်)