ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်အချို့အမိုးလန်ပျက်စီး

ဝမ်းတွင်း ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာအုပ်စုအတွင်း ယမန်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကြွယ်ကန်ကျေးရွာအုပ်စုရှိ အခြေခံ ပညာမူလတန်းကျောင်းတစ်ထပ်ဆောင် အဖီသွပ်မိုးများ၊ ဒိုင်းမြား ပျက်စီးခြင်း၊ နေအိမ်(၂) လုံး သွပ်မိုးနှင့် ဒိုင်းမြားပျက်စီးခြင်း၊ နေအိမ်(၂) လုံးတွင် သွပ်မိုးများပျက်စီးခြင်း၊ နေအိမ်(၇) လုံး  အမိုးလန်ပျက်စီးခဲ့ပြီး ရွာဦးကျောင်းဓမ္မာရုံနှင့် သုသာန်ဇရပ်အမိုးများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိ ကြောင်းနှင့် တာဝန်ရှိသူများက လေဘေးသင့် မိသားစုများအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)