ညောင်ဦးမြို့အဝင်၊ အထွက်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ထား

ညောင်ဦး  စက်တင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့အဝင်ခရီးသွားများ၊ ညောင်ဦးမြို့သို့ အရောင်းအဝယ်လာရောက်သည့် ဈေးကားများအား မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ယမန်နေ့နံနက် ၆ နာရီမှစတင်ကာ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ညောင်ဦးမြို့သို့ ဖြတ်သန်းသွားလာသည့် ကားများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များအား ညောင်ဦး-ကျောက်ပန်းတောင်း မြတ်နိုးသူဂိတ်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်-ချောက် လောကနန္ဒာမြစ်ရေတင်ဂိတ်၊ ညောင်ဦး-မြင်းခြံ၊ ပခုက္ကူဂိတ်တို့ ဖွင့်လှစ်ထားရှိပြီး ကားနံပါတ်မှတ်တမ်းယူခြင်း၊ ခရီးသည်များ နေရပ်လိပ်စာမှတ်တမ်း၊ ဖုံးနံပါတ်ယူခြင်းများ၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းစနစ်တကျတပ်စေခြင်းများအား နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၅ နာရီထိ လုပ်ဆောင်လျက်ရှိကြောင်း ညောင်ဦးခရိုင် လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်ထံက သိရသည်။ အဆိုပါ မြို့ဝင်ဂိတ်များသို့ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှမီးသတ်ဝန်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် စနစ်တကျ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊KPD