မိတ္ထီလာ ဧပြီ ၂ဝ
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့် လှစ်သော အခြေခံပန်းချီသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါသင်တန်းဖွင့်ပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အမှာစကားပြောကြားပြီး သင်တန်းနည်းပြဖြစ်သူ မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ ရဲမြင့်(နောင်ချို)က သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဒီအခြေခံပန်းချီသင်တန်းကို ခရိုင်ပြန်/ဆက်နဲ့ ကျွန်တော်တို့ မြို့နယ်စာရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်တာ ဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို အခြေခံပန်းချီရေးဆွဲနည်းကို ပို့ချပေးမှာပါ။ ကလေးတွေရဲ့ အတွေးအခေါ်တွေ ယဉ်ကျေးသိမ်မွေ့လိမ္မာလာအောင်၊ အနုပညာမျက်စိလေးတွေနဲ့ သဘာဝကို ကြည့်တတ်ရေး တတ်ဆွဲတတ်လာအောင် အတတ်နိုင်ဆုံး ကောက်ကြောင်းကစပြီး လူပုံအဆင့်ထိ အဆင့်ဆင့် ကလေးတွေ သဘောပေါက် နားလည်အောင် စေတနာထား သင်ကြာပေးသွားမှာ ဖြစ်ပါ တယ် ဟု သင်တန်းနည်းပြ စာရေးဆရာရဲမြင့် (နောင်ချို)က ပြောသည်။
အဆိုပါအခြေခံပန်းချီသင်တန်းကို အခမဲ့ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ သင်တန်းတွင် သင်တန်းသားသင် တန်းသူ ၂၃ ဦးတက်ရောက်ပြီး သင်တန်းကာလကို ၁၄ ရက်တာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ